ondragstart="return false" onselectstart="return false"

Tuesday, September 29, 2009

ဟင်းရှာထွက်သူ ကရင်နီဒုက္ခသည်အား စစ်အစိုးရတပ် ပစ်ခတ်၍ တစ်ဦးသေဆုံး

ပါးရယ်/ စက်တင်ဘာ ၂၈၊ ၂၀၀၉

ထိုင်း-မြန်မာနယ်စပ်ဘက်၌ ဟင်းရှာထွက်သွားသော ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ စခန်းသား ၄ ဦးတို့သည် မြန်မာစစ်အစိုးတပ် ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးသွားခဲ့သည်။
ဟင်းရှာထွက်ခဲ့သော မီရယ်၊ ဘူးရယ်၊ ပိုးရယ်နှင့် ဖရဲရယ်တို့မှာ အပြန်လမ်းတွင် စစ်အစိုးရတပ် ခမရ ၂၅၀ နှင့် တိုး၍ နီးကပ်စွာ ပစ်ခတ်ခံရသဖြင့် ဖရဲရယ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ထွက်ပြေးလွတ်မြောက်သူ မီရယ်က ပြောသည်။
“သူ့ဗိုက်မှာ ထိသွားတယ် ထင်တယ်။ သူ့ကို တလုံး ထိလား၊ နှစ်လုံး ထိလား မသိဘူး။ ကျနော်တို့လည်း သေချာ မကြည့်မိဘူး။ ကမ်းပါးပေါ်မှာ သေဆုံးနေတော့ ကြည့်လည်း မကြည့်မှီဘူး နည်းနည်း မြင့်နေတော့။ သူ့အလောင်းကိုလည်း မမြုပ်ရတော့ဘူး။ အဲမှာပဲ ကျန်နေခဲ့တယ်” ဟု သူက ပြန်လည် ပြောပြသည်။

၎င်းတို့သည် ဟင်းရှာထွက်ပြီး ရရှိသည့် အရာများနှင့် ပြန်လည် ရောင်းစားရန် ရည်ရွယ်ချက်ဖြင့် ယခုလ ၁၃ ရက်နေ့က စခန်းမှ ထွက်သွားခဲ့ခြင်း ဖြစ်ကာ ၂၁ ရက်နေ့တွင် ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု လွတ်မြောက်သူက ဆက်ပြောသည်။
စခန်းသူ၊သားများသည် စခန်းအပြင်သို့ အလုပ်များ သွားရောက် လုပ်ကိုင်ခြင်း၊ နယ်စပ်ဘက်သို့ တောင်ယာခုတ်ခြင်းနှင့် ဟင်းရှာထွက်ခြင်းတို့ကို မလုပ်ဆောင်ရန် စခန်း၏ စည်းမျဉ်စည်းကမ်းအရ ထုတ်ထားသော်လည်း မိသားစု ၀င်ငွေ အနည်းငယ် ရရှိရန်အတွက် ရှာဖွေနေကြကြောင်း စခန်းကော်မီတီ ဥက္ကဌဟောင်းဖြစ်သူ တစ်ဦးက ပြောခဲ့သည်။
၎င်းက “ဒုက္ခသည်မှာ နေတဲ့ လူတွေကို ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ငရုပ်သီး စတဲ့ ရိက္ခာတွေ ထုတ်ထားပေးတယ်။ ဒါပေမယ့် ဟင်းကောင်း ၀ယ်စားရဖို့ သူတို့မှာ လိုအပ်တယ်၊ သူတို့ ကလေးတွေ ကျောင်းသွားဖို့၊ အ၀တ်အစားတွေ ၀ယ်ပေးဖို့ ပိုက်ဆံ မရှိဘူး။ မုန့်ဖိုးလည်း မရှိတော့ အခုလို နယ်စပ်ဘက်ကို ဟင်းရှာထွက်ပြီး ရတာလေးနဲ့ ပြန်ရောင်းစားကြတာ ဖြစ်တယ်” ဟု ပြောသွားခဲ့သည်။
ကရင်နီဒုက္ခသည်များသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှ စ၍ ဟင်းရှာသွားရင်း စစ်အစိုးရတပ်များ၏ ပစ်ခတ်မှုကြောင့်လည်းကောင်း၊ မြေမြုပ်မိုင်း နင်းမိမှုကြောင့်လည်းကောင်း သေဆုံးသွားခဲ့သူ လူဦးရေမှာ ၅၀နှင့် ၆၀ အကြား ရှိပြီး မိုင်းနင်းမိသောကြောင့် ဒုက္ခတ ဖြစ်ရသူပေါင်း ၈ ဦးခန့် ရှိသည်ဟု သိရသည်။
ကန္တရ၀တီတိုင်းမှ

No comments:

Post a Comment