ချစ်သမီးငယ် အပိုင်း(၆)
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ ကေအန်ယူ တောတွင်း ဌာနချုပ်အသစ် ထီကပယ် စခန်းနဲ့ သာဝေါသောရွာကလေးမှာ သူ့ဘဝ ဆက်လက်ကြီးပြင်းရပုံ၊ တခါ စစ်ပြေးကြရပုံကို တင်ပြထားပါတယ်။
သောတရှင်မိတ်ဆွေများခင်ဗျား။
ဇိုရာဖန်းတို့ မိသားစု သာဝေါသော ရွာသစ်ကလေးကိုရောက်တော့ အရင်မြင် ဖူးနေကြ မျက်နှာတွေ၊ မိတ်ဆွေတွေကို ပြန်တွေ့ရပါတယ်။ သူတို့အဖေ ဖဒို မန်းရှာက သူတို့မိသားစုအတွက် အိမ်ကလေးတလုံးကို ရေကန်တခုကို မေးတင်လို့ ဆောက်ထားတာကို မြင်ကြရပါတယ်။ ဒီအိမ်ကလေးမှာပဲ နောက်တော့ သူတို့အဖေ အားတဲ့ အခါ၊ အိမ်ပြန်လာတဲ့အခါ ပန်းဥယျာဉ် ဖြစ်အောင် လှလှပပ ပြန်စိုက်ပျိုးကြပြန်ပါတယ်။ သူတို့အမေကတော့ ရှင်တို့သားအဖတွေ ပန်းပင်တွေပဲ စားကြတော့မလားဆိုပြီး စိတ်ဆိုးချင်ဟန်ဆောင် စကားနာ ထိုးတတ်တာကိုလည်း သူက နှစ်လိုဖွယ် ဖော်ပြခဲ့ပါ သေးတယ်။
သူတို့အဖေ ဖဒိုမန်းရှာကတော့ ရွာကလေးနဲ့ ကားမောင်းရင် ၂-နာရီ အကွာအဝေးလောက်မှာ ရှိတဲ့ ထီးကပယ်ဆိုတဲ့ နေရာမှာ အလုပ်သွားလုပ်နေရတာ များပါတယ်။ ထီးကပယ်ဆိုတာကတော့ ကရင်ဘာသာနဲ့ "ဗွက်ထနေတဲ့ရေကန်" လို့ အဓိပ္ပါယ်ရပါတယ်။ ထီးကပယ်က တော့ ကရင့်တော်လှန်ရေးတပ်တွေနဲ့ ဒီမို ကရေစီ အဖွဲ့တွေအတွက် မာနယ်ပလော ကျပြီး တဲ့နောက်မှာ ပြန် ဆောက်ထားတဲ့ ဌာနချုပ်အသစ်ပါ။ ဒီနေရာကို သူတို့အဖေခေါ်သွားလို့ ဇိုရာဖန်းတို့ မောင်နှမတတွေ တခါတလေ လိုက်သွားကြပါတယ်။ သူကတော့ ဒီနေရာကို သိပ်မóကိက်လှကြောင်း ဇိုရာဖန်းကတော့ ပွင့်ပွင့်လင်းလင်းပဲ ရေးခဲ့ပါတယ်။ အကြောင်းကတော့ ခြင်များတယ်၊ ဗွက်ထူတယ်။ သူတို့အတူ ဆော့ကစားဖို့ ကလေးတွေလည်း မရှိဘူး။ စစ်သားတွေနဲ့ လူကြီးတွေပဲ ရှိတဲ့အတွက် ကြောင့်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒုက္ခသည် စခန်းထက်ပိုပြီး လွတ်လပ်မှု ရှိတာ၊ ကိုယ့်မြေကိုယ့်ရေမှာ ဖြစ်တာ ကြောင့် ရွာသစ်မှာ သူတို့ပျော်ကြပါတယ်။
ရွာသစ်ကလေးရောက်တော့ ဇိုရာဖန်း ကျောင်းဆက်နေဖို့ လုပ်ရပြန်ပါတယ်။ ဒုက္ခသည်စခန်းက စေတနာ ဝန်ထမ်း ကျောင်း မှာ သူက ၈-တန်း တက်ခဲ့ရတယ်ဆိုပေမယ့်လည်း ကျောင်းထွက်လက်မှတ်တွေ စနစ်တကျ မယူရဘဲ ပြောင်းခဲ့ကြရတာပါ။ အဲဒီရွာသစ်ကလေးအနီးမှာ ခရစ်ယာန်မစ်ရှင်ကျောင်း ရှိပါတယ်။ ဒီကျောင်းမှာ တော့ အင်္ဂလန်၊ သြစတြေလျနိုင်ငံတွေက လာသင်ကြတဲ့ ဆရာတွေရှိပါတယ်။ ဇိုရာဖန်းက ၉-တန်းတက်ဖို့ óကိးစားပါတယ်။ ၈-တန်း ကျောင်းထွက်လက်မှတ် မတင်ပြနိုင်ပေမယ့်လည်း၊ သူ့သမီးက အင်မတန်စာóကိးစား တဲ့ အကြောင်း၊ ထက်မြက်တဲ့ကလေးဖြစ်ကြောင်း သူ့အမေက ထောက်ခံပြောဆိုပေးတာကြောင့်လည်း ကျောင်းအုပ်ဆရာကြီးက လက်ခံလိုက်ပါတယ်။ ကျောင်းရောက်တော့ ဇိုရာဖန်း အဖို့ သူငယ်ချင်းအသစ်တွေ ထပ်ရလာပါတယ်။ တခါ ကျောင်းမှာ သူပြဿနာတက်ရပါသေးတယ်။ ဆရာက သူ့အိမ်စာ အဖြေစာအုပ်မှာ သုညပေးလိုက်တဲ့အတွက်ကြောင့်ပါ။ သူ့အဖို့ ခံပြင်းရသလို၊ ဒေါသလည်း ဖြစ်ရပါတယ်။ တကယ်က နားလည်မှု လွဲကြတာပါ။ ဆရာလုပ်သူ အင်္ဂလိပ်ကျောင်းဆရာက သူ့အိမ်စာတွေကို မစစ်ဆေးကြည့်ရသေးပါဘူး။ သူက စိတ်ထဲ ခံပြင်းလွန်းတာကြောင့် အင်္ဂလိပ်ဆရာကို အရဲစွန့်ပြီး ဝင်ပြောပါတယ်။ အရပ်မြင့်မြင့် လူမျိုးခြား အင်္ဂလိပ် ဆရာ ဂျက်ကော့ဘ် ဆိုသူကို ကလေးတယောက်က စိတ်ထဲခံပြင်းလွန်းလို့သာ ဝင်ပြီး ပြောမိတာပါ။ အဲသည် နောက်တော့ ကိုယ်ယုံကြည်တဲ့ အမှန်တရားအတွက်ဆိုရင် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ရင်၊ ပြောဆိုရင် ဖြစ်နိုင်တယ်ဆိုတာ သူသင်ခန်းစာ ရလာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
သူတို့အဖေ ဖဒိုမန်းရှာက ခေါ်လို့ သတင်းစာရှင်းလင်းပွဲတခုကိုလည်း ဇိုရာဖန်းတို့ ရောက်ခဲ့ရပါတယ်။ အရင်က သတင်းစာ ရှင်းလင်းပွဲဆိုတာမျိုး သူမကြားခဲ့ရဖူးပါဘူး။ အဲသည်ကိုရောက်တော့ အခြားနိုင်ငံခြားနဲ့ မြန်မာ သတင်းဌာနက သတင်း ထောက်တွေအပြင် အခြားရာဂဏန်းလောက် ဧည့်သည်တွေကိုလည်း တွေ့ကြရပါ တယ်။ သူတို့အဖေက အိမ်မှာ သူတို့ သားသမီးတွေကို နိုင်ငံရေးဆွေးနွေးပြောဆိုတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုလို လူထုအများကြားထဲမှာ ပြောနေဆိုနေ တာကို ပထမဦးဆုံး မြင်ရဖူးတာပါ။ သူတို့အဖေက တော်လှန်ရေးတာဝန် တခုကို ထမ်းဆောင်နေတာတော့ သိတယ်။ ဒါပေမယ့်လည်း တာဝန်ကြီးကြီးမာမားယူပြီး အခုလို လူအများက တလေးတစား ဆက်ဆံခံနေရတဲ့ သူတဦးဆိုတာ မသိခဲ့ ကြပါဘူး။ အဲဒီအချိန်မှာ ဖဒို မန်းရှာက ယခင်က ဗိုလ်ချုပ်မြရဲ့ ကိုယ်ရေးအတွင်းရေးမှူးတာဝန်ကနေ ကေအဲန်ယူအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ယူ နေရသူ ဖြစ်နေပါပြီ။ သည်တော့မှ အရင်က သူတို့လုံးဝမသိခဲ့ရတဲ့ သူတို့ အဖေရဲ့ ဘဝပုံရိပ်ကို မြင်တွေ့ခဲ့ရ ပါတယ်။ တောထဲမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခြားသူတွေလည်း ပြောကြပါတယ်။ ဖဒိုမန်းရှာ ကတော့ သူတို့လက်နက်ကိုင်တိုက်နေတာဟာ မတတ်သာလို့ ခုခံစစ်ကို ဆင်နွှဲနေရတာ ဖြစ်ကြောင်း၊ နိုင်ငံရေး ပြဿနာကို ပြေလည်စွာ ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းလိုကြောင်း၊ ဒါကြောင့်လည်း စစ်အစိုးရနဲ့ဆွေးနွေးဖို့ ၄-ကြိမ် သွားခဲ့ကြကြောင်း၊ ဒါပေမယ့် လုံးဝလက်နက်ချဖို့တောင်းဆိုတာမျိုးတော့ မလိုက်လျောနိုင်ဘူး စသဖြင့် ပြောတာ သူကြားခဲ့ရပါတယ်။ ဇိုရာဖန်းက အခုမှ သူတို့အဖေကို ပိုလေးစား လာမိတယ်။ သူတို့အဖေဟာ သူတို့ရဲ့ သူရဲကောင်း သဖွယ် ဖြစ်လာခဲ့တယ်လို့ ဖော်ပြရေးသားခဲ့ပါတယ်။
သူကျောင်းတက်နေတဲ့ ၉-တန်းစာမေးပွဲက ၁၉၉၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ ဖြေကြရမှာပါ။ သူကိုယ်တိုင် အတော် ပြင်ဆင်ထားတော့လည်း စာမေးပွဲဖြေဖို့ မျှော်လင့်ချက်ကြီးနေပါတယ်။ ဒီကြားထဲမှာ သူတို့အစ်ကိုကြီး ဆေးဆေး ပြန်ရောက်လာပြီး မိသားစုနဲ့တွေ့တဲ့အကြောင်းကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ဆေးဆေးက ဖာပွန် ဒေသ ရှေ့တန်း တနေရာမှာ တာဝန်ယူနေရာကနေ တခဏပြန်လာတာပါ။ သူက အတော်လည်းပိန်သွားပါတယ်။ ရှေ့တန်းဒေသမှာ (နအဖ) စစ်အစိုးရတပ်တွေက ကရင်ရွာသားတွေကို နှိပ်စက်ညှဉ်းပမ်းတာတွေ၊ ရွာတွေက တပြေးထဲ ထွက်ပြေး ပုန်းအောင်းနေကြရတဲ့အကြောင်း၊ ကရင်တိုင်းရင်းသူတွေကိုလည်း ရှေ့တန်းဒေသမှာ တွေ့မရှောင် မုဒိမ်းပြုကျင့်တဲ့ အကြောင်းတွေကို ရင်နင့်ဖွယ် ကြားကြရပါတယ်။ ငတ်မွတ်ခေါင်းပါးဖြစ်နေ ကြရတဲ့၊ စစ်ပွဲထဲ ကြောက်ရွံ့နေကြရတဲ့ လူထုတွေကို သူတို့မြင်ယောင်မိကြပါတယ်။ အစ်ကိုကြီးဆေးဆေးကတော့ အတော့်ကို ရင့်ကျက်သွားသလို ရှိတယ်။ ထမင်း၊ ဟင်းဆိုရင်လည်း ဂျီးမများတော့ဘဲ ရသမျှအကုန်အစင် တန်ဖိုးထားပြီး စားတဲ့အကြောင်း သူက ပြန်ရေးပြပါတယ်။
ဇိုရာဖန်းမျှော်လင့်နေတဲ့ ၉-တန်းစာမေးပွဲကို မဖြေလိုက်ရပြန်ပါဘူး။ ကရင့်အမျိုးသားနေ့ ကျင်းပဖို့ ပြင်ဆင်နေကြ တုန်းမှာပဲ (နအဖ) စစ်အစိုးရတပ်တွေက ထိုးစစ်ဆင်လာခဲ့ပါတယ်။ သူတို့ သာဝေါသော ရွာသစ်ကလေး ကိုယ်တိုင် စစ်ပြေးကြရပါ တော့တယ်။ စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ကြားက သူတို့ပြေးကြရပုံ၊ ယောက်ျားတွေက သား၊ မယားတွေကို အော်ဟစ်ခေါ်ငင်နေတဲ့ အသံတွေ၊ အထုပ်အပိုးရသမျှနဲ့ ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ငိုယိုကြောက်ရွံ့နေတဲ့ ကလေး၊ မိန်းမတွေ စတဲ့ စစ်ပြေးရတဲ့ ဒုက္ခမြင်ကွင်းကိုလည်း သူက စာဖတ်သူတွေ ကိုယ်တွေ့အလားမြင်လာအောင် ရေးသားဖော်ပြ ခဲ့ပါတယ်။ ဒီလိုနဲ့ သူမဖြစ်ချင်တဲ့ ဒုက္ခသည် ပြန်ဖြစ်ရပြန်ပါတယ်။ ဒုက္ခသည်သောင်းကျော်ရှိပြီး သူတို့ကို နိုဖိုးဒုက္ခသည် စခန်းထဲမှာ နေရာချထားပေးပါတယ်။ ပညာရေးအတွက် စိတ်ကူးယဉ်ခဲ့တဲ့ သူ့အိပ်မက်တွေလည်း မှုန်ဝါးပျောက်ကွယ်ရ ပြန်ပါပြီ။
နောက်တပတ်မှာတော့ နိုဖိုးဒုက္ခသည်စခန်းမှာ အပျိုအရွယ်ရောက်လာတဲ့ သူတို့ မလုံခြုံတဲ့ဘဝကြုံတွေ့ရပုံ၊ ပညာရေး အတွက် အရဲစွန့်ပြီး နောက်ဒုက္ခသည်စခန်းတခုကို ရွှေ့ရပုံ၊ ကံကောင်းထောက်မလို့ ပညာသင်ဆု စာမေးပွဲကြုံရပုံတွေကို ဆက်လက်ဖော်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။
No comments:
Post a Comment