ondragstart="return false" onselectstart="return false"

Thursday, September 17, 2009

စိတ်ကြွဆေးပြားများနှင့်မြန်မာနိုင်သားတဦး မဲဆောက်မြို့တွင် ဖမ်းမိ

ရဲရင့် / ၁၆ စက်တင်ဘာ ၂၀၀၉

မြန်မာနိုင်ငံ မြ၀တီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တကိုယ်တော်မူးယစ်ဆေးဝါး လက်ကားဖြန့်ချိသည့် မြန်မာလူငယ်တဦးကို ထိုင်းအာဏာပိုင်များက ယနေ့နေ့လယ်တွင် ဖမ်းဆီးလိုက်သည်။

မြ၀တီမြို့တွင်နေထိုင်သည့် ရဲမင်းလတ် (၂၇) နှစ်သည် စိတ်ကြွဆေးပြား (ယာဘ) ၄၀၀ ကို မဲဆောက်ရှိ ၀ယ်လက်ထံသို့ လာပို့စဉ် ထိုင်းဘက်ခြမ်းရှိ စစ်တပ်ဂိတ်တွင် ဖမ်းဆီးမိခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ထိုင်းဘတ်ငွေ (၂၅,၇၇၅) ကိုပါ သိမ်းဆည်းရရှိသည်။

ရဲမင်းလတ်က “ဒီဆေးပြားတွေကို မဲဆောက်မှာ သွားပို့ပေးဖို့ ယူလာတာဖြစ်တယ်” ဟု ထိုင်းအာဏာပိုင်များအား ထွက်ဆိုခဲ့သည်။

မဲဆောက်မြို့ပိုင် နိုင်ကိတိဆတ်တိုမိုဆတ်က “ဒီကိစ္စဟာ မြန်မာပြည်ကလူတွေ ဆင်းရဲမွဲတေမှုများပြီး နယ်ခြားသောင်ရင်းမြစ်ကို အလွယ်တကူ ဖြတ်သန်းခွင့်ရတာတွေလည်းပါတယ်။ ဒီလမ်းကြောမှာ အရင်က ဆယ်ဂဏန်းလောက်ဖမ်းမိတာတွေ မကြာခဏ ရှိပါတယ်။ အခုဖမ်းမိတာကတော့ ဆေးရောငွေပါ ပမာဏများတယ်” ဟု ဒေသခံသတင်းထောက်များအား ပြောကြားသည်။

ယခုအမှုကို မဲဆောက်ရဲစခန်းတွင် အသေးစိတ်စစ်ဆေးလျက်ရှိသည်ဟု တာဝန်ကျရဲမှူးတဦးက ပြောကြားပြီး ထိုင်းဥပဒေအရ ဆေးပြား (၁) သောင်း လက်ဝယ်ထားရှိရောင်းချသူကို သေဒဏ်အမိန့် ပြစ်ဒဏ်ပြဋ္ဌာန်းထားသည်ဟု ထိုင်းရှေ့နေတဦးက ပြောသည်။

သောင်ရင်းမြစ်ကမ်းနားမှ ကုန်တင်ကုန်ချဂိတ်မှူးတဦးက “ဒီလူကို ကျနော်သိတယ်။ မြ၀တီကပဲ။ အတော်လေးကို သုံးနိုင်ဖြုန်းနိုင်တယ်။ ပြည်သူ့စစ်တို့ ရဲတို့ကို အတော်ပိုင်တယ်။ သူနဲ့အမြဲတမ်း သွားလာလှုပ်ရှားနေတာက ဒီကေဘီအေက လူတွေများတော့ ဒီအလုပ်ပဲ ဖြစ်မယ်လို့ လူအတော်များများက ထင်ခဲ့ကြတယ်၊ အခုတော့သေချာသွားပြီ” ဟု ပြောသည်။

ယခင်ကဖမ်းဆီးရမိခဲ့သည့် ယာဘဆေးပြား ရောင်းဝယ်သယ်ဆောင်ကြသည့် ဘုန်းကြီးများအပါအ၀င် မြန်မာများကို စစ်ကြောရေးလုပ်ရာတွင် ဆေးပြားအများစုကို ဒီကေဘီအေအဖွဲ့ထံမှ တဆင့်ခံဖြင့်လည်းကောင်း၊ တိုက်ရိုက်နည်းဖြင့် လည်းကောင်း ရရှိကြသည်ဟု ထွက်ဆိုကြောင်း မဲဆောက်ရဲက ပြောသည်။

No comments:

Post a Comment