ondragstart="return false" onselectstart="return false"

Saturday, September 19, 2009

နစကကို နယ်ခြားစောင့်တပ်ဖွဲ့ဖြင့် အစားထိုးနိုင်

9/19/2009/ narinjara သတင်း

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် တခုတည်းတွင် ဆက်လက်တည်ရှိနေသော နစက တပ်ဖွဲ့ကို ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲပြီးပါက နယ်ခြားစောင့်တပ်ဖွဲ့ ဖြင့် အစားထိုးနိုင်ကြောင်း နစကနှင့် နီးစပ်သူ တဦးက ပြောသည်။

“ကျွန်တော်လေ့လာသလောက် နစက တပ်ဖွဲ့ကို ဖျက်သိမ်းနိုင်ပါတယ်။ နစက နေရာမှာ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ အစားထိုးနိုင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ နစက တပ်ဖွဲ့ပိုင် ရံပုံငွေတွေကို အခုအခါ နစက တပ်သားတွေကို ခွဲဝေပေးဖို့ အထက်က ညွန်ကြားလာတဲ့ အတွက် ဖြစ်ပါတယ်။”

မြန်မာ နိုင်ငံ အနောက်ဘက် မောင်တောတွင် အခြေစိုက်သော နစက တပ်ဖွဲ့တွင် နစက ရံပုံငွေ ၂၃၈၇၇၆၈၈၁ ကျပ်ရှိပြီး ထိုငွေများအထဲမှ နေ့စဉ် နစက တပ်သား တဦးစီကို ၁၀၀ ကျပ် နုန်းထားဖြင့် ထောက်ပံ့ပေးရန် အထက်က ညွန်ကြားထားသည်ဟု သိရသည်။

သူက “ အခုလက်ရှိ နစက အင်အားက စုစုပေါင်း နယ်မြေ ၉ ခုမှာ ၃၆၆၆ ဦးရှိပါတယ်။ နေ့စဉ် တဦးကို ၁၀၀ ကျပ်နုန်းနဲ့ ထောက်ပံ့သွားရင် ၂၀၁၀ ခုနှစ် ကုန်ပြီး ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းမှာဆိုရင် ရံပုံငွေ ကုန်သွားနိုင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ် တပ်ရင်းများ အပါအ၀င် လက်နက်ကိုင် တပ်ဖွဲ့တိုင်းတွင် တပ်ရင်း ကိုယ်ပိုင်ရံပုံငွေများရှိပြီး ထိုအထဲမှ နစက တပ်ဖွဲ့တခုတည်းကိုသာ အဆိုပါ ရံပုံငွေများအား တပ်သားများခွဲဝေပေးရန် အထက်က ညွန်ကြားထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် တပ်စွဲထားသော နစကများကို စစ်တပ်၊ ရဲ၊ လူဝင်မူကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာနများမှ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားပြီး မောင်တော ကျီးကန်းပြင်တွင် ဌာနချုပ်ကို ဖွင့်ထားသည်။

နစက တပ်ဖွဲ့အား ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေး အကြီးအကဲ ဘ၀ဖြင့် ဘုန်းမီးနေလ တောက်ပစဉ်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး သူရာထူးကျစဉ် ထိုင်း-မြန်မာနယ်စပ်နှင့် တရုတ်-မြန်မာနယ်စပ်ရှိ နစက တပ်ဖွဲ့များကို ဖျက်သိမ်းခဲ့သော်လည်း မြန်မာ-ဘင်္ဂလာနယ်စပ်ရှိ နစက တပ်ဖွဲ့ကို မဖျက်သိမ်းဘဲ ဆက်လက်ထားရှိခဲ့သည်။

သို့သော်လည်း ဗိုလ်ချုပ် ခင်ညွန့်၏ လူများဟု ယူဆရသော ထိုအချိန်က နစက ဌာနချုပ်မှူး ဒုဗိုလ်မှူးကြီးအောင်ငွေနှင့် ဒု ဌာနမှူး ဗိုလ်မှူးကြီး မြင့်ဦးတို့ကို အလုပ်မှ ထုတ်ပယ်ပစ်ကာ ထောင်ဒဏ် နှစ် (၅၀) အထက် ချမှတ်ခဲ့သည်။

နစက တပ်ဖွဲ့သည် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး ပြည်သူများပိုင်ဆိုင်သော ပုဇွန်ကန်များ၊ လယ်မြေများ၊ သစ်တောများကို အပိုင်သိမ်းပိုက်ကာ ကိုယ်ပိုင်ပြုလုပ်ပြီး လူထု လက်သို့ ပြန်လည် ဌားရမ်း လုပ်ကိုင်နေသဖြင့် နှစ်စဉ် သိန်းရာချီပြီး ၀င်ငွေရနေသော အဖွဲ့ဖြစ်သည်။

မြန်မာ နအဖ စစ်အစိုးရသည် နယ်စပ် ဒေသ အသီးသီးအား နယ်ခြားစောင့်တပ်ဖြင့် အစားထိုးရန် စီစဉ်နေပြီး အဆိုပါ အစီအစဉ်ကို ၂၀၁၀ ခုနှစ် အကုန်တွင် အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment