ondragstart="return false" onselectstart="return false"

Friday, September 11, 2009

ကေအိုင်အိုက လူထုထံမှ ရန်ပုံငွေကောက်ခံ ဒေသခံလူထု ပိုမိုစိုးရိမ်မှု ဖြစ်ပွား

ခိုင်လင်း / ၁၁ စက်တင်ဘာ ၂၀၀၉ -ခောတ်ပြိုင်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့နယ်မြေများအတွင်း မကြာသေးမီရက်ပိုင်းကစ၍ လူထုထံမှ စစ်စရိတ် ရန်ပုံငွေ (ဆက်ကြေး) ကောက်ခံနေသကဲ့သို့ မြို့ပေါ်နေ တပ်ဖွဲ့ဝင်မိသားစုများ နေရာရွှေ့ပြောင်းမှု ရှိနေ၍ ကေအိုင်အိုနှင့် နအဖအကြား စစ်ဖြစ်တော့မလားဆိုသည့် စိုးရိမ်မှုများ တိုးလာနေသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ (၂၄) ရက်တွင် စစ်အစိုးရနှင့် ကေအိုင်အိုအကြား အပစ်ခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကေအိုင်အို တပ်ရင်းတပ်ဖွဲ့များက ဒေသအတွင်း စစ်စရိတ်ရန်ပုံငွေများ ကောက်ခံခြင်း မပြုတော့ဘဲ နေခဲ့ရာမှ ယခုမှစတင်ကောက်ခံလာ ခြင်းဖြစ်သည်ဟု ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူ ဖားကန့်ဒေသခံတဦးက ပြောသည်။

၎င်းက “နာမည်ရှိတဲ့ ကျောက်သူဌေးတွေဆီမှာ ကေအိုင်အိုတပ်ဖွဲ့က ကောက်နေတာ။ ဖားကန့်၊ ဆိုင်းတောင်ထဲက ကုမ္ပဏီတွေ၊ ပိုက်ဆံရှိတဲ့သူတွေဆီက ကောက်နေတာ။ အသိတယောက်ဆို ငွေ (၄) သိန်းနဲ့ ဆန် (၄) တင်း တနေ့ကပဲ ပေးလိုက်ရတယ်။ ဟိုတုန်းကလို မှော်ထဲသွားတဲ့ လမ်းတွေမှာ ဂိတ်တွေဖွင့်ပြီး တရားဝင်တော့ မကောက်သေးဘူး” ဟု ပြောသည်။

၁၉၉၄ ခုနှစ် အပစ်ခတ်ရပ်စဲရေး မပြုလုပ်ခင်က ကေအိုင်အိုအဖွဲ့သည် ဖားကန့်ကျောက်စိမ်းတွင်းသွားရာ လမ်းများတွင် ဂိတ်များဖွင့်၍လည်းကောင်း၊ ကျောက်စိမ်းတွင်း၊ ရွှေတွင်းများတွင်လည်းကောင်း၊ ကေအိုင်အို တပ်ရင်းတပ်ဖွဲ့ နယ်မြေအနီးရှိ ဆန်စက်၊ ဆီစက်ပိုင်ရှင်များသို့လည်းကောင်း အခွန်ငွေကောက်ခံမှုများ လုပ်ခဲ့သည်။

အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တွင် ပြည်သူများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်လုပ်ရပ်များ ရှောင်ကြဉ်ရန်ဆိုသည့် နားလည်သဘောတူညီချက်ရှိခဲ့၍ ဆက်ကြေးကောက်ခံခြင်း ရပ်ဆိုင်းထားရာမှ ယခုကဲ့သို့ ပြန်လည်ကောက်ခံနေခြင်းဖြစ်သည်။

ကေအိုင်အိုအဖွဲ့အား ထောက်ခံအားပေးနေသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ရန်ပုံငွေ ကူညီထောက်ပံ့မှုများသာဖြစ်သည်ဟု အမည်မဖော်လိုသည့် ကေအိုင်အိုအရာရှိက ပြောသည်။

၎င်းက “ကျနော်တို့မှာ တရားဝင်ကောက်တာမျိုး လုပ်ခွင့်မရှိပါဘူး။ သူတို့သဘောနဲ့ သူတို့ လာလှူတာ ဖြစ်ပါလိမ့်မယ်။ အတင်းအကျပ်သဘော မရှိပါဘူး။ ကျနော်တို့ဆီမှာ အကောက်ခွန်ဌာနရှိတယ်လေ။ ကုန်သွယ်ရေးလုပ်တဲ့ခါ အကောက်ခွန်ဌာနက ကောက်တာမျိုးပဲရှိပါတယ်၊ နိုင်ငံတော်အစိုးရပိုင်းကလည်း ခွင့်ပြုထားပါတယ်” ဟု ပြောသည်။

ယမန်နှစ်အစောပိုင်းက ကချင်အမျိုးသား စီးပွားရေးသမားများထံမှ အလှူငွေ လျှို့ဝှက်ကောက်ခံခြင်းမျိုး ရှိခဲ့ပြီး ဗမာ၊ ရှမ်း တို့ထံမှလည်း ယခု ငွေကောက်နေခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံက ပြောသည်။

၎င်းက “အခုကတော့ ကေအိုင်အေက ဆက်ကြေးငွေလည်း ကောက်လာ၊ မြစ်ကြီးနားမှာရှိတဲ့ ကေအိုင်အို မိသားစုတွေလည်း တရုတ်နယ်စပ်ဘက်ကို ရွှေ့နေ၊ သူတို့ကလေးတွေကို စာသင်ကျောင်းတွေကပါ နုတ်ပြီး ဒီတရုတ်ဘက် ရွှေ့နေကြတာဆိုတော့ ဘယ်နေ့ တိုက်ကြမလဲဆိုပြီး စောင့်ကြည့်နေရတော့တာ။ အရပ်သားတွေက ပစ္စည်းတွေ တရုတ်ဘက် ရွှေ့ကြတာလည်း ဒီလိုကိစ္စတွေကြောင့် ဖြစ်နေတာ” ဟု ပြောသည်။

ယခုလ (၉-၁ဝ) ရက်များတွင် မြစ်ကြီးနားမြို့၌ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အို ကိုယ်စားလှယ်များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်နေပြီး ယခုအကြိမ်သည် ၂ဝဝ၉ ခုနှစ်၊ ဧပြီနောက်ပိုင်း (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

နအဖဘက်က နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် တစိုက်မတ်မတ်ပြောဆိုနေသကဲ့သို့ ယခုလ (၅) ရက်နေ့၌ ကေအိုင်အိုထိန်းချုပ်ရာ၊ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည့် ကချင်လူထုအစည်းဝေးက နယ်ခြားစောင့်တပ်အစား ကချင်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးတပ်အနေဖြင့်သာ လက်ခံရန် ဆုံးဖြတ်ထား၍ ထွက်ပေါ်လာမည့်ဆွေးနွေးပွဲရလဒ်အပေါ် ဒေသခံများ စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။

No comments:

Post a Comment