ondragstart="return false" onselectstart="return false"

Wednesday, September 2, 2009

ကိုးကန့်ခေါင်းဆောင် အထူးကြေညာချက် ထုတ်ပြန်

ရိုးမ ၃
Thursday, 03 September 2009 11:37 ဗထူး

ကိုးကန့်ခေါင်းဆောင်က ၎င်းတို့နယ်မြေအတွင်း နအဖတပ်များ ၀င်ရောက်တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ အထူးကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လိပ်မူကာ သြဂုတ်လ (၂၈) နေ့ နေ့စွဲဖြင့် ဥက္ကဌ ဖုန်ကြားရှင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက်မှာ စာမျက်နှာ ၅ မျက်နှာ ပါရှိသည်။

စစ်အစိုးရအနေဖြင့် ၁၄ နှစ်ကြာ ကျင်းပပြုလုပ်၍ ၂၀၀၈ ခုနှစ်တွင် တဖက်သတ် အတည်ပြုပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားပြည်သူများ၏ စစ်မှန်သော သဘောထားမပါသည့်အတွက် တိုင်းရင်း သားလူမျိုးတို့က ထောက်ခံခြင်းမရှိသည့်အပြင် ညီလာခံတွင် တင်ပြခဲ့သည့် တိုင်းရင်းသားတို့၏ အခွင့်အရေးများ ကိုလည်း လိုက်လျှောခြင်းမရှိသည့်အတွက် များစွာသော တိုင်းရင်းသားလူမျိုးများအနေဖြင့် လက်နက်စွဲကိုင် တောင်းဆိုရသော အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု ကြေညာချက်က ဆိုသည်။

ဆက်လက်၍ စစ်အစိုးရတပ်များက သြဂုတ်လ (၂၇) ရက်နေ့၊ နံက်(၇) နာရီခွဲက တရုတ်-မြန်မာနယ်စပ်ရှိ ယန်ရုံကြိုက်ရွာတွင် စတင်ပစ်ခတ်ခဲ့သည့်အတွက် ၎င်းတို့စစ်သည် ၂ ဦး ဒဏ်ရာရရှိသွားသဖြင့် မတတ်သာသည့်အဆုံးတွင် နယ်မြေအတွင်း ကျူးကျော်လာသည့် နအဖတပ်များအား ပြန်လည်တိုက်ခိုက်ခဲ့ရသည်ဟု ဖော်ပြထားသည်။

သြဂုတ်လ လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုအတွင်း နအဖစစ်အစိုးရတပ်များ၏ ပစ်ခတ်မှုကြောင့် (၂၇)၊ (၂၈) ရက် နှစ်ရက်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံးသွားခဲ့ပြီး အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို နအဖစစ်အစိုးရမှ စတင်ဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြ ထားသည်။

စစ်အစိုးရကမူ တရုတ်နိုင်ငံ၏ သတင်းပေးချက်အရ တရားမ၀င် လက်နက်စပ်ရုံတည်ဆောက်ခြင်းကို ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ခဲ့ပြီး ကိုယ်တိုင်လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ရာမှ ကိုးကန့်တပ်ဖွဲ့နှင့် ၎င်းတို့အကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပြောဆိုသည်။

ကိုးကန့်ခေါင်းဆောင်၏ ရှင်းလင်းချက်တွင်မူ စစ်အစိုးရက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း သိုလှောင်မှု စသည့် ဖန်တီးချက်များနှင့် တရားစွဲဆိုမှုသည် ကိုးကန့်တပ်ဖွဲ့နှင့် ပြည်သူများအပေါ် နိုင်ငံတကာမှ အထင်မှားအောင် လုပ်ကြံဖန်တီးခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် နအဖတာဝန်ရှိသူများရှေ့တွင် ကိုးကန့်နယ်မြေအား မူးယစ်ဆေးဝါး ကင်းရှင်းသွားပြီဖြစ်ကြောင်း ၂၀၀၂ ခုနှစ်က အတိအလင်း ကြေညာထားခဲ့သည်ဟု ဖော်ပြထားသည်။

ယခုအခါ စစ်အစိုးရအနေဖြင့် ကိုးကန့်လူမျိုးများ နေထိုင်ရာ လောက်ကိုင်ဒေသတွင် ပြန်လည် တည်ငြိမ်အေးချမ်းနေသည်ဟု ကြေညာခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ်တလျှောက် ခြေလျှင်နှင့် ခြေမြန်တပ်ရင်း ၃၀ ခန့်ကို ဖြန့်ကျက်၍ နေရာချထားဆဲဖြစ်သည်။

စစ်အစိုးရ၏ မြ၀တီရုပ်သံကလည်း မိုင်းလားဒေသဖွံ့ဖြိုးတိုးတက်မှုများနှင့် ငြိမ်းချမ်းရေးရယူခဲ့ပုံ မှတ်တမ်းတင် အစီအစဉ်ကို ယခုရက်ပိုင်းအတွင်း နေ့စဉ် ထုတ်လွှင့်ပြသနေပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စစ်အစိုးရအရာရှိများက ကိုးကန့်တပ်ဖွဲ့နှင့် မဟာမိတ်ပြုလုပ်ထားသည့် မိုင်းလားအထူးဒေသ (၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်မြောက်ပိုင်း (SSA-N) အဖွဲ့များသို့ သွားရောက်ကာ ကိုးကန့်တပ်ဖွဲ့အား တိုက်ခိုက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမှုများ ပြုလုပ်လျှက်ရှိသည်။

ကိုးကန့်ခေါင်းဆောင်၏ ယခုထုတ်ပြန်သည့် အထူးကြေညာချက်တွင် ကိုးကန့်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အတိုင်း ကျန်မဟာမိတ်တပ်ဖွဲ့များကိုလည်း မကြာသော အချိန်ကာလတခုအတွင်း တိုက်ခိုက်ဝါးမျိုနိုင်သဖြင့် စစ်အစိုးရအား လက်တွေ့ညီညွတ်စွာ ယနေ့မှစ၍ တိုက်ပွဲဝင်ရန် သတိပေး တောင်းဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ရန် စစ်အစိုးရက ပြင်ဆင်ဆိုင်းပြင်းလာချိန်နှင့် တပြိုင်တည်းတွင် အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား အင်အားလျှော့ကာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲဖွဲ့စည်းရေးအတွက် ဖိအားပေးတောင်းဆိုလာခဲ့သည်၊

အဆိုပါတောင်းဆိုချက်ကို လက်မခံနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား နည်းလမ်းပေါင်းစုံဖြင့် အကြပ်ကိုင်ဆောင်ရွက်၍ စစ်ရေးအရ တိုက်ခိုက်မှုနှင့် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု အကဲခတ်သူများက ဝေဖန်လျက်ရှိသည်။

သြဂုတ်လအကုန်ပိုင်းတွင် လောက်ကိုင်ဒေသ၌ ဖြစ်ပွားခဲ့သည့် ကိုးကန့်တပ်ဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲများအတွင်း စစ်တပ်နှင့် ရဲ အင်အား ၂၆ ဦးကျဆုံးကာ ၄၇ ဦး ဒဏ်ရာရရှိပြီး ကိုးကန့်တပ်ဖွဲ့ဝင် အလောင်း ၈ လောင်း တွေ့ရှိကြောင်း စစ်အစိုးရသတင်းစာတွင် ဖော်ပြခဲ့သည်။

No comments:

Post a Comment