ondragstart="return false" onselectstart="return false"

Friday, September 11, 2009

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ထားရှိပါက အာဖဂန်နှင့် အီရတ်လိုဖြစ်မည်ဟု စစ်အစိုးရသတင်းစာတွင် ရေးသားဖေါ်ပြ

9/10/2009

စက်တင်္ဘာလ ၈ ရက်နေ့ထုတ် စစ်အစိုးရပိုင် ကြေးမုံ သတင်းစာတွင် ဖေါ်ပြသော ဆောင်းပါး တပုဒ်၌ လက်နက်ကိုင်တပ်ဖွဲ့များကို "တစ်တော တစ်ကြက်ဖ" ပုံစံမျိုး ထားရှိပါက အာဖဂန်နှင့် အီရတ်လို ပုံစံမျိုး ဖြစ်သွားမည်ဟု ရေးသားဖေါ်ပြထားသည်။

အဆိုပါ ဆောင်းပါးရှင်မှာ ကိုမြန်မာ ဖြစ်ပြီး သူက မည်သည့်နိုင်ငံတွင်မှ နိုင်ငံတော် တပ်မတော် တစ်ရပ်အပြင် ပြည်နယ် တပ်မတော်၊ ဒေသ တပ်မတော်ဟု ဖွဲ့ရိုးပြုခွင့် ထုံးစံ မရှိကြောင်း ဖေါ်ပြသည်။

၎င်းပြင် ဆောင်းပါးတွင် Paramilitary ခေါ်သော ဒေသန္တရ လက်နက်ကိုင် အဖွဲ့အစည်းများ၊ တခြားလက်နက်ကိုင် အဖွဲ့များရှိခဲ့လျှင်လည်း ဗဟိုအစိုးရ၏ တိုက်ရိုက် ကိုင်တွယ် အုပ်ချုပ်မူအောက်တွင်သာ ရှိကြောင်းဖေါ်ပြသည်။

အဆိုပါ စာသားများကို စက်တင်္ဘာလ ၈ ရက်နေ့က ထုတ်လွှင့်သော မြန်မာ တီဗွီမှလည်း စာတန်းထိုးကာ အကျယ်တ၀င့် ဖေါ်ပြခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ စစ်အစိုးရပိုင် သတင်းစာမှ အဆိုပါ ဆောင်းပါးအား ရေးသားဖေါ်ပြခြင်းမှာ နအဖ စစ်အစိုးရ၏ သဘောထားကို ရောင်ပြန်ဟပ်ခြင်း ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အပြတ်ဖြိုမည့် သဘောထား ဖြစ်သည်ဟု မြန်မာ့ စစ်ရေး လေ့လာ အကဲခတ်သူ ဘင်္ဂလာနယ်စပ်မှ ဦးအောင်ကျော်လှက ပြောသည်။

"စစ်အစိုးရ အနေနဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးကို ပုံစံတမျိုးမျိုးနဲ့ အပြီးသတ် အဆင့်ကိုရောက်အောင် ဆောင်ရွက်ပါလိမ့်မယ်။ အခု ဆောင်းပါးမှာ ရေးသလို နအဖ စစ်အစိုးရ အနေနဲ့ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုမှ ထားမှာ မဟုတ်ပါဘူး။ အကုန်လုံးကို နယ်ခြားစောင့်တပ် အသွင် ပြောင်းခိုင်း ပါလိမ့်မယ်။ မရရင် သူတို့အင်အား သုံးဖြေရှင်းပါလိမ့်မယ်။ ကိုးကန့်ကို တိုက်တဲ့ အခြေခံ အကြောင်းအရင်းက ဘာမှ မဟုတ်ဘူး။ တချက်ခုတ် နှစ်ချက်ပြတ် လုပ်လိုက်တာပါ။ ကိုးကန့်က သူတို့ ပြောတာကို မနာခံဘူး။ မနာခံရင် ချတယ်။ တဘက်မှာလည်း နအဖ အဆိုပြုထားတဲ့ တခြား ငြိမ်းအဖွဲ့တွေကိုလည်း စတင် အချက်ပေးလိုက်တဲ့ သဘောပါ၊ ၀တပ်နဲ့ တိုက်ရင် လေယာဉ်တွေကို သုံးမယ်ဆိုကတည်းက နအဖ အနေနဲ့ အင်အားသုံးပြီး ဖြေရှင်းမယ့် သဘောဖြစ်ပါတယ်" ဟုသူက ပြောသည်။

၎င်းပြင် ဆောင်းပါးရှင် ကိုမြန်မာက လာမည့် နိုင်ငံတော်သစ်တွင် ကြုံလာခဲ့ရသော နှစ်ပေါင်း ၆၀ အဖြစ်ဆိုးမျိုးနှင့် ပြန်သွားမလား၊ နိုင်ငံတော် အစိုးရ စေတနာကို ရောင်ပြန်ဟပ်ပြီး တစ်နိုင်ငံလုံး ခေတ်မှီ ဖွံ့ဖြိုးရေးအတွက် စည်းစည်းလုံးလုံးနှင့် လက်တွဲ ညီညီ ချီတက်ကြမလားဟု မေးခွန်းများ ထုတ်ထားသေးသည်။

ဦးအောင်ကျော်လှက "တိုင်းရင်းသားတွေဘက်ကလည်း သူတို့လိုချင်တာကို မရရင် နအဖ ပြောတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေးကို သွားမှာမဟုတ်ပါဘူး။ သွားခဲ့ရင်လည်း သူတို့နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲဝင်လာခဲ့တာ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ နိုင်ငံရေး အရ တိုင်းရင်းသားတွေရဲ့ ပြဿနာကို ကျေကျေလည်လည် မဖြေရှင်းနိုင်ဘူးဆိုရင် ကျနော်ထင်တယ် တိုင်းရင်းအဖွဲ့ အများစုက နှစ်ပေါင်း ၆၀ ကြုံတွေ့လာရတဲ့ လမ်းဟောင်းကိုဘဲ လိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်" ဟု သုံးသပ် ပြောဆိုသွားသည်။
Narinjara News

No comments:

Post a Comment